ဘာကြောင့်ကြက်တေ ချေးစိမ်းပါကြသလဲ


ဘာကြောင့် ကြက်တွေ ချေးစိမ်း ပါကြသလဲ?

30 APRIL 2017 · PUBLIC

ကြက်လည်လိမ်ရောဂါဖြစ်ရင် ချေးစိမ်းပါတယ်ဆိုတာ ကြက်မွေးသူတွေသိထားကြပါတယ်။ လည်လိမ် မဖြစ်ပေမဲ့ ကြက်တွေ အစိမ်းရောင် ၀မ်းသွားတာကိုလဲ တွေ့ဖူးကြမှာပါ။

ကြက်ငှက်တုပ်ကွေး ဖြစ်တဲ့ကြက်တွေလဲ အစိမ်းရောင် ၀မ်းသွားတယ် ဆိုကြတဲ့အတွက် ကြက်ခြံထဲမှာ အစိမ်းရောင် ချေးပုံတွေ တွေ့လာရင်၊ အထူးသဖြင့် မှိုင်ကုပ် အစာစားပျက်ပြီး အသေပျောက် တွေ့လာရင် ကြက်ငှက်တုပ်ကွေး ၀င်နေသလားလို့ သံသယဖြစ်ကြ၊ ထိတ်လန့်ကြတာ တွေ့နေရပါတယ်။

ကြက်ချေး ဘာကြောင့် စိမ်းသလဲ ဆိုတဲ့အဖြေကို ပြောကြည့်ရအောင်။

ကြက်ချေးမှာ အဖြူရောင်အပိုင်းဟာ အစာချေပြီးထွက်လာတဲ့ပစ္စည်းမဟုတ်ကြောင်း၊ ကျောက်ကပ်က စွန့်ထုတ်လိုက်တဲ့ ဆီးရည် ဆီးနှစ် သာဖြစ်ကြောင်း ပြောပြဖူးပါတယ်။ ကြက်ချေးမှာပါတဲ့ အစိမ်းရောင်အပိုင်း လဲ ကျောက်ကပ်ကထွက်လာတဲ့ ဆီးပါ။ သွေးထဲမှာပါတဲ့ အစိမ်းရောင်ရှိတဲ့ အညစ်အကြေးပစ္စည်းတစ်မျိုးကို ကျောက်ကပ်ကတဆင့် ပြင်ပကို စွန့်ထုတ်တဲ့ အတွက် ချေးစိမ်းပါတယ်ဆိုတာဖြစ်လာတာပါ။

သွေးနွေးသတ္တ၀ါတွေမှာ ရှူသွင်းလိုက်တဲ့လေထဲက အောက်စီဂျင် ကို ခန္ဓာကိုယ်အနှံ့ သယ်ပိုးပေးပြီး ကိုယ်တွင်းမှာ ထွက်ပေါ်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ကို ရှူထုတ်တဲ့လေကတဆင့် စွန့်ထုတ်ပေးတဲ့ အလုပ်ကို သွေးထဲမှာပါတဲ့ သွေးနီဥတွေက လုပ်ဆောင်ပေးတာပါ။ ဒီလိုလုပ်ငန်းကို စွမ်းအားပြည့် စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ဖို့အတွက် သွေးနီဥအသစ်တွေ ထုတ်လုပ်ပေးနေရသလို၊ သက်တမ်းရင့်သွား (အိုသွား) တဲ့ သွေးနီဥတွေကို ဖယ်ရှားရှင်းလင်းပေး ကြရပါတယ်။

သွေးနီဥတွေ ပေါက်ကွဲ ပျက်စီးတဲ့ဖြစ်စဉ်မှာ၊ အနီရောင်ကိုဖြစ်စေတဲ့ hemoglobin ပြိုကွဲပြီး ထွက်လာတဲ့ heme ခေါ်တဲ့ သံဓါတ်ပါတဲ့အပိုင်း ဆက်ပြီးပြိုကွဲတဲ့အခါ အစိမ်းရောင်ရှိတဲ့ biliverdin ဆိုတဲ့ ပစ္စည်းဖြစ်ပေါ်လာပါတယ်။ နို့တိုက်သတ္တ၀ါ တွေမှာ အသည်းနဲ့ တခြား တစ်သျှူးတွေမှာရှိတဲ့ biliverdin reductase ဆိုတဲ့ enzyme က biliverdin ကို အ၀ါရောင် ရှိတဲ့ bilirubin အဖြစ်ကို ပြောင်းပေးနိုင်ပါတယ်။ bilirubin ဟာ သည်းချေရည်ရဲ့ အရောင်ဆိုးဆေးအနေနဲ့ အူထဲကို စွန့်ထုတ်ပါတယ်။ အသည်းရောင်ရောဂါဖြစ်တဲ့အချိန်မှာ ဒီလိုစွန့်ထုတ်တဲ့အလုပ် ကောင်းကောင်းမလုပ်နိုင်တဲ့အတွက် သွေးထဲမှာ bilirubin သိပ်များလာပြီး jaundice ခေါ် အသားဝါရောဂါ လက္ခဏာကို ဖြစ်စေပါတယ်။

ကြက်ငှက်တွေမှာ biliverdin reductase ဆိုတဲ့ enzyme ချို့တဲ့နေတဲ့အတွက် အစိမ်းရောင် biliverdin အဆင့်မှာတင် ရပ်သွာပါတယ်။ biliverdin ကို သည်းချေရည်နဲ့အတူ အူလမ်းကြောင်းထဲကို စွန့်ထုတ်ပါတယ်။

ကြက်ငှက်တွေမှာ အကြောင်းတစ်ခုခုကြောင့် အသည်း ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်တဲ့အခါ အပြည့်အ၀ မစွန့်ထုတ်နိုင်တဲ့ အတွက် သွေးထဲမှာ biliverdin များလာပါတယ်။ များနေတဲ့ biliverdin ကို ကျောက်ကပ်က ဆီး အနေနဲ့ စွန့်ထုတ် ပါတယ်။ ကြက်ရဲ့ ပုံမှန် အဖြူရောင် အနယ်အနှစ်တွေပါတဲ့ဆီးရည်ဟာ biliverdin ပါနေတဲ့အတွက် အစိမ်းရောင် ဖြစ်သွားပါတယ်။

ကြက်တွေမှာ ဆီးအိမ် မရှိတဲ့အတွက် ကျောက်ကပ်က ထွက်လာတဲ့ biliverdin ပါတဲ့ ဆီးရည်ဟာ ဆီးပြွန်ကတဆင့် ဆီး၊ ၀မ်း၊ လိင် အင်္ဂါ သုံးမျိုးလုံးရဲ့ ထွက်ပေါက်တွေ ပေါင်းဆုံတဲ့ သပ္ဗအိတ် (cloaca) ထဲကို ရောက်သွားပါတယ်။ cloaca ထဲ ကဆီးရည်က အူမကြီးထဲကို အူမကြီးရဲ့ ပြောင်းပြန် ရွေ့ရှားမှုကြောင့် အူမကြီး အထက်ပိုင်းကို ဆန်တက် ရောက်ရှိ သွားပြီးမှ ချေးနဲ့အတူ အပြင်ကို စွန့်ထုတ်ပါတယ်။ ချေးစိမ်းပါတဲ့ ရောဂါဖြစ်ပြီး သေတဲ့ကြက်တွေမှာ အစိမ်းရောင်ပါတဲ့ ၀မ်းအရည်တွေ အူမကြီးထဲမှာ တွေ့ရပေမဲ့ အူသိမ်ပိုင်းမှာ မတွေ့ရတာကို ကြက်သေခွဲစိတ်စစ်ဆေးသူတွေ သတိထားမိ ကြမယ်ထင်ပါတယ်။

အတိုချုပ်ပြောရရင် ကြက်တွေ ချေးစိမ်းပါတယ်ဆိုတာ ကြက်တွေမှာ အသည်းထိခိုက်ပျက်စီးနေကြောင်း၊ အသည်းကို ပျက်စီးစေတဲ့ ရောဂါတစ်ခုခု ဖြစ်နေကြောင်း ဖော်ပြတဲ့ လက္ခဏာတစ်ခုသာ ဖြစ်ပါတယ်။

အသည်းဟာ အသက်ရှင်မှုအတွက် အလွန်ရေးပါတဲ့ လုပ်ငန်းများစွာကို လုပ်ဆောင်ပေးနေတဲ့ အင်္ဂါတစ်ခုဖြစ်ပါတယ်။

အစာချေတဲ့လုပ်ငန်းအတွက် သည်းချေရည်ထုတ်လုပ် ပေးတယ်။ အူတွေကစုပ်ယူရရှိတဲ့ သကြားဓါတ် ပစ္စည်းတွေကို glucose အဖြစ်ပြောင်းပေးတယ်။ ပိုနေတဲ့ glucose ကို glycogen အဖြစ်ပြောင်းလဲပေးပြီး အသည်းနဲ့ ကြွက်သားတွေ ထဲမှာ သိမ်းဆည်းထားပေးတယ်။ သည်းချေရည်က အစာမှာပါတဲ့ အဆီ နဲ့ အဆီမှာပျော်ဝင်တဲ့ vitamin A, D, E, K တွေကို စုပ်ယူရလွယ်စေတယ်။ အဲဒီ vitamin တွေကို အသည်းကပဲ သိုလှောင်ထားပေးတယ်။

အသည်းက အသက်ရှင်မှုအတွက်လိုအပ်တဲ့ အဆီဓါတ် ပစ္စည်းတွေ တည်ဆောက်တာ၊ ဖြိုခွဲချေဖျက်တာ၊ သိုလှောင် သိမ်းဆည်း တာတွေ လုပ်ပေးတယ်။ အသည်းက သွေးကိုခဲစေတဲ့ ဓါတ်ပစ္စည်းတွေထုတ်လုပ်ပေးတယ်။ အသည်းဟာ သံဓါတ်ကို သိမ်းထားပေးတဲ့ အဓိက အင်္ဂါဖြစ်တယ်။ ဒါတွေက အသည်း လုပ်ဆောင်ပေးတဲ့ လုပ်ငန်းပေါင်းများစွာထဲက နမူနာတစ်ချို့ပါ။

အသည်းရဲ့ အလုပ်တွေထဲမှာ ကိုယ်တွင်းကိုရောက်လာတဲ့ မှိုဆိပ် အပါအ၀င် အဆိပ်အတောက် ဖြစ်တဲ့ပစ္စည်းတွေနဲ့၊ ကိုယ်တွင်းမှာ ထွက်ပေါ်လာတဲ့ အမိုးနီးယား စတဲ့ အဆိပ်အတောက်ပစ္စည်းတွေကို ချေဖျက်ပေးတဲ့ အလုပ်လဲ ပါပါတယ်။ အဆိပ်တွေကြောင့် အသည်းပျက်စီးနိုင်သလို၊ အဆိပ်ကို ချေဖျက်လို့ မနိုင်ရင် သူကိုယ်တိုင်အဆိပ်သင့်ပြီး အသည်း ပျက်စီးမှု ဖြစ်လာနိုင်ပါတယ်။

အသည်းဟာ စွမ်းဆောင်ရည် အလွန်ကောင်းပါတယ်။ အသည်းမှာ ဟိုတကွက် ဒီတကွက် ပျက်စီးမှုတွေ တော်တော် များများ ဖြစ်ခဲ့သည့်တိုင် ပြန်လည် ပြုပြင်တည်ဆောက်နိုင်စွမ်း (regeneration capacity) အလွန်ကောင်းတဲ့ အတွက် ကျန်းမာရေးကို ဟန်မပျက် ထိန်းထားပေးနိုင်စွမ်း ရှိတယ်လို့ဆိုတယ်။ ဒါကြောင့် ကြက်မှာ အသည်းပျက်စီး နေကြောင်း ဖော်ပြတဲ့ လက္ခဏာကို ထင်ထင်ရှားရှား တွေ့လာရင်၊ ပျက်စီးမှုဟာ အလွန်ကြီးမားတဲ့အတွက် အသက်ရှင်ဖို့ ခက်ခဲ သွားပြီ ဆိုတာ နားလည်ထားရပါလိမ့်မယ်။ ဒီလိုပုံစံနဲ့ ကြက်တစ်ချို့သေခဲ့ရင် ကြက်အုပ်ထဲက ကြက် တော်တော် များများမှာလည်း အသည်း ထိခိုက်မှုရှိထားပြီးပြီ လို့ သဘောပေါက်သင့်ပါတယ်။

အသည်းပျက်စီးမှုရှိနေတဲ့ ကြက်တွေမှာ၊ အစာစားပျက်တာ၊ မှိုင်ကုပ်တာ၊ ကိုယ်အလေးချိန်လျှော့လာတာ၊ ၀မ်းပျက်တာ၊ ၀မ်းအရည်များများ အကြိမ်များများ သွားတာ (ဆီးပိုသွားတာ)၊ အမွေးအတောင်မစိုပြေတာ၊ အသက်ရှူကြပ်တာ စတဲ့ (တခြားရောဂါတွေမှာလဲတွေ့ရတတ်တဲ့) လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

ကြက်တွေမှာ၊ အစိမ်းရောင် (စိမ်းဝါရောင်) ၀မ်းသွားတာ၊ ၀မ်းဘိုက်ဖောင်းလာတာ၊ ရေဖျဉ်းစွဲတာ၊ သွေးကောင်းကောင်း မခဲတာ၊ နှုတ်သီးတွေ ခြေသည်းတွေ ပုံမမှန်ဖြစ်လာတာ၊ အမွေးအရောင်ပြောင်းတဲ့ လက္ခဏာတွေ တွေ့ရရင် အသည်း ပျက်စီးမှုကြောင့် ဖြစ်မယ်လို့ ပြောနိုင်ပါတယ်။

ဥကြက်မတွေကို စွမ်းအင်ဓါတ်လွန်ကဲတဲ့အစာတွေ ကျွေးတဲ့အတွက် အသည်းမှာ အဆီများလွန်းတဲ့ အဆင့် ဖြစ်တတ် ပါတယ်။ အဆီများလွန်းတဲ့အသည်းဟာ သွေးယိုထွက်မှု၊ ကွဲအက်မှု တွေဖြစ်တဲ့အထိ အသည်းကိုပျက်စီးစေနိုင်ပါတယ်။

အချို့ကူးစက်ရောဂါတွေဟာ ကြက်တွေရဲ့ အသည်းကို တိုက်ရိုက်ဖျက်ဆီးတတ်ကြတယ်။ Avian adenovirus, Avian hepatitis E virus, Avian leukosis virus, စတဲ့ ဗိုင်းရပ်စ်တွေဟာ အသည်းကို အဓိကထားပျက်စီးစေတဲ့ ရောဂါပိုးတွေ ဖြစ်ပါတယ်။

အချို့ ကူးစက်ရောဂါတွေက ကြက်တွေရဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့အတူ အသည်းကိုပါ ထိခိုက်ပျက်စီးမှု ရှိစေ နိုင်တဲ့အတွက် တခြားရောဂါလက္ခဏာတွေနဲ့အတူ အသည်းပျက်စီးတဲ့ လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ ကြက်လည်လိမ်၊ ကြက်ငှက်တုပ်ကွေး၊ စတဲ့ ဗိုင်းရပ်စ်တွေနဲ့ E. coli, Salmonella pullorum, Pasteurella multocida, Erysipelothrix rhusiopathiae, Campylobacter spp. Ornithobacterium rhinotracheale (ORT) စတဲ့ ဘက်တီးရီးယားတွေကြောင့် အသည်းထိခိုက်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။

အာဟာရဓါတ်မမျှတမှုတွေကြောင့်ဖြစ်စေ၊ အဆိပ်အတောက်တွေကြောင့်ဖြစ်စေ၊ ကူးစက်ရောဂါတွေကြောင့်ဖြစ်စေ၊ အသည်းပျက်စီးမှုဖြစ်ခဲ့ရင်၊ ကြက်တွေမှာ ချေးစိမ်းပါတယ်ဆိုတဲ့ လက္ခဏာ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကြက်တွေမှာ ချေးစိမ်းပါတာ တွေ့လာခဲ့ရင် လည်လိမ်လို့ ထင်လိုက်ကြမဲ့အစား၊ ချေးစိမ်းပါနိုင်တဲ့ တခြား အကြောင်းအရာတွေကိုပါ ထည့်သွင်းစဉ်းစားကြပြီး အသည်းပျက်စီးမှုကို ကာကွယ်တားဆီးပေးပါလို့ ပြောလိုပါတယ်။

credit## Dr Aung Myint

Comments

Popular Posts